Saturday, 17 May 2025

စာတမ်းနှင့် စာတန်း

စာတမ်းနှင့် စာတန်း

တစ်ကြိမ်က ကျွန်တော်၏ မိတ်ဆွေတစ်ဦးသည် စာအုပ်စာရင်း တစ်ခုပြုလုပ်ရာ သာသနာ လင်္ကာရစာတမ်း ကို မ-သတ် ဝိသဇ္ဇနီနှင့်ပင် စာတမ်းဟု ရေးထိုးလိုက်၏။ ဤသည်ကို ပုဂ္ဂိုလ်တစ်ဦးက ကြည့်ရှုပြီး န-သတ် ဝိသဇ္ဇနီနှင့် ရေးမှ မှန်သည်ဟု ဆိုကာ ‘စာတန်း ဟု ပြင် လေသည်။ ထို့ပြင် သာသနာလင်္ကာရစာတမ်းကို မူလစာအုပ်တွင် မည်သို့ စာလုံးပေါင်းထား သနည်း။ ဝေါဟာရလီနတ္ထဒီပနီတွင် ပါရှိသည့် စာတန်းအကြောင်းကိုကော တွေ့ဖူးပါသလားစသည်ဖြင့် အမေးဖြင့် နှိပ်နင်းလေသည်။ 

အဆိုပါ ပုဂ္ဂိုလ်ကြီး၏ ဆိုလိုချက်မှာ “သာသနာလင်္ကာရစာတမ်းကို မူလစာအုပ်၌ပင် န-သတ် ဝိသဇ္ဇနီနှင့် စာတန်း-ဟု ပေါင်းထားသည်။ ဤသို့ ပေါင်းရမည့်အကြောင်း ဝေါဟာရ လီနတ္ထဒီပနီ၌ ပြမှာထားသည် ကိုမှ မဖတ်ဖူးဘူးလား”ဟူ၍ ဖြစ်သည်။ ဤအကြောင်းကို ကြား မိသော ကျွန်တော့်အဖို့ စာတမ်း နှင့် စာတန်း အကြောင်း ရေးသားတင်ပြရန် ထိုစဉ်ကပင် ကြံရွယ်ခဲ့မိပါသည်။ သို့ပါသော် တော်တော်နှင့် အထမမြောက်နိုင်ဘဲ ယခုမှ ရေးဖြစ်တော့၏။ 

ကျွန်တော်သည် ဟံသာဝတီသတင်းစာပုံနှိပ်တိုက်က ခရစ်နှစ် ၁၉၂၈-ခုနှစ်တွင် ထုတ် ဝေသော သာသနာလင်္ကာရစာတမ်း တစ်အုပ်ကို ဆွဲယူကြည့်မိရာ သာသနာလင်္ကာရစာတန်း ဟု တွေ့ရ၏။ အတွင်းမျက်နှာဖုံး မာတိကာစသည်တို့တွင်လည်း ထိုအတိုင်းပင် တွေ့ရ၏။ စာ အုပ်ကို လှန်လှောလိုက်ပြန်ရာ နိဂုံးတွင် ဤသို့တွေ့ ရပြန်လေသည်။ 

       စာ ၂၄၈         ယခုအခါ၌၊ သာသနာလင်္ကာရစာတန်းကို . . .

          စာ ၂၄၉           ဝရမဏ္ဍနံ၊ မြတ်သော တန်ဆာသဖွယ်ဖြစ်သော၊ သာသနာလင်္ကာရ နာမံ၊ သာသနာလင်္ကာရမည်သော၊ ဣမံ တန္တိံ၊ ဤအစဉ်စာတန်းကို၊ အကာသိ၊ စီရင်ပြုစုပြီ။ 

          စာ ၂၅ဝ         အထူးထူးသော ပိဋကတ်ကျမ်း၊ ကျောက်စာ၊ ရာဇဝင် အစောင်စောင်သော ဆရာစဉ် သမိုင်း စာတန်းများကို နှိုင်းရှည့်နှီးနှောတိုက်ဆိုင် စေ့စပ်၍ . . .

          စာ ၂၅ဝ         ဆရာစဉ်ဆက် ထုတ်နုတ်ပေါင်းစုသော သာသနာဝံသစာတန်း၊ သာသနာ လင်္ကာရကျမ်းကို၊ 

သို့နှင့် ခရစ်နှစ် ၁၉၅၆-ခုနှစ် ဟံသာဝတီတိုက်ကပင် ထုတ်သော သာသနာလင်္ကာရ စာတမ်းကို ဆွဲယူကြည့်လိုက်ပြန်ရာ၊ စာတန်း တစ်လုံးမျှ ရှာမရတော့ဘဲ အားလုံး စာတမ်း ဖြစ်နေလေတော့သည်။ 

မည်သည်က အရင်းခံပေနည်း။ မူလတည်းဖြတ်သူတို့ကပင် လက်တည့်စမ်းကာ စာ တမ်း မှ စာတန်း သို့ ပြင်လိုက်ခြင်းပေလော။ သို့မဟုတ် နောက်တည်းဖြတ်သူ ဆရာများက စာတန်းကို တစ်ဖန် ‘စာတမ်းဟု ပြန်ပြင်လိုက်ခြင်းပေလော။ ကျွန်တော့်သဘောအရ ပြော ပြရမည်ဆိုပါမူ ပထမတည်းဖြတ်သူ ဆရာတို့က မိမိတို့အကြိုက် လက်တည့်စမ်းလိုက်ခြင်း ဖြစ်ဟန်တူ၏။ အကြောင်းကား အမျိုးသားစာကြည့်တိုက်ရှိ သာသနာလင်္ကာရစာတမ်း ပေမူ များကို လက်လှမ်းမီသလောက် ကျွန်တော်ထုတ်ယူရှုကြည့်ဖူးရာ စာတမ်းဟုသာ အခိုင်အမာ သုံးထားကြောင်း တွေ့ရသောကြောင့် ဖြစ်ပေသည်။ 

စင်စစ် စာတမ်း ဟူသည် မှတ်တမ်း၊ မှာတမ်း၊ ပြန်တမ်း၊ သေတမ်းစာ၊ ခွဲတမ်းစာ စသည်တို့မှာကဲ့သို့ မှတ်သားထားသည့် စာ ဟု အဓိပ္ပာယ်ရ၏။ ရှေးက အကြောင်းကိုဖြစ်စေ၊ မျက်မှောက်အကြောင်း ကိုဖြစ်စေ အကြောင်းအရာအလိုက် စာတစ်စောင် ပေတစ်ဖွဲ့ ဖြစ်စေ ရန် ရေးမှတ်ထားသမျှကိုစာတမ်းဟု ခေါ်ရပေမည်။ ထို့ကြောင့်ပင်နန်းစဉ်စာတမ်း၊ နား ထွင်းသျှောင်ထုံးစာတမ်း၊ စာဟောင်းရာဇဝင်စာတမ်း စသည်အားဖြင့် တစ်သမတ်တည်း မ-သတ် ဝိသဇ္ဇနီဖြင့် သုံးစွဲခဲ့ကြပေသည်။ 

စာတန်းကားနွယ်တန်း၊ တိုက်တန်း၊ ဖြောင့်တန်း၊ လက်ရုံးဆန့်တန်း စသည်တို့မှာ ကဲ့သို့ တန်းနေသည့်စာ၊ ဖြောင့်နေသည့်စာ၊ စာကြောင်းဟု ကောက်ယူနိုင်၏။ ဂျပ်ဆင်အဘိ ဓာန်တွင်မူ ‘စာတမ်း’ကို လုံးလုံးမပြဘဲ စာတန်း ကိုသာ (n. an official or formal record, a line of writing or printing.) ဟု အဓိပ္ပာယ်နှစ်မျိုး ရော၍ ပြခဲ့ပေသည်။ ထို့ကြောင့် အချို့သူ များ အယူအဆလွဲမှားကြခြင်း ဖြစ်ဟန်ရှိ၏။ 

လှေသင်းအတွင်းဝန်မင်း ဦးချိန်ကမူ ဝေါဟာရလီနတ္ထဒီပနီ စတုတ္ထကဏ္ဍ ဝဏ္ဏ-ပါသော ဘွဲ့အမည်များအကြောင်းတွင်စာတန်းနှင့်စာတမ်းကို ကွဲပြားအောင် ဤသို့ ခွဲခြားပြခဲ့၏။ 

ထိုဝဏ္ဏသဒ္ဒါ၏အရ ဝစနတ္ထအဓိပ္ပာယ်မှာ အဘိဓာန်ဋီကာ တွင်- ဝဏ္ဏိယတိ ပကာသိယတိ အတ္ထော ယေန သော ဝဏ္ဏော၊ ဝဏ္ဏ ပကာသနေ-ဟူ၍ ဖွင့်သည်။ အနက်ကား- ယေန၊ အကြင်အက္ခရာစာတန်းဖြင့်၊ အတ္ထော၊ အကြောင်းအရာ အနက်အဓိပ္ပာယ်ကို၊ ဝဏ္ဏိယတိ ပကာသိယတိ၊ ဖွင့်ပြအပ်၏။ ဣတိ၊ ထို့ကြောင့်၊ သော၊ ထိုအက္ခရာ စာတန်းသည်၊ ဝဏ္ဏော၊ ဝဏ္ဏမည်၏။ ဝဏ္ဏ၊ ဝဏ္ဏသဒ္ဒါ သည်၊ ပကာသနေ၊ ပြခြင်းအနက်၌၊ ဝတ္တတိ၊ ဖြစ် ၏။ -ဆိုသည်။ နားထွင်းသျှောင်ထုံးစသော စာတမ်းမှာ မ-သတ်၊ အက္ခရာစာတန်းမှာ နသတ်၊ သတိရှိစေ။

ဤသည်ကို အချို့တို့က နားထွင်းသျှောင်ထုံး စသော ရှေးထုံးရေးနည်းကို ပြသည့်ကျမ်း များမှသာ စာတမ်းဟု သုံးရမည်။ ကျန်နေရာတို့တွင် စာတန်းသာ ဖြစ်ရမည်ဟု အလွဲ ကောက်ကြလေသည်။ ထိုသို့ကောက်ယူခြင်းကား ဒီပနီဆရာ၏အလိုကို အသေအချာ နား လည်အောင် မကြိုးစားဘဲ အဖျားဆွတ် ကောက်ယူခြင်းသာ ဖြစ်၏။

လှေသင်းဝန်မင်းသည် ဝဏ္ဏ ဟူသော အက္ခရာကို အနက်ဖွင့်၍ ပြရာ၌ ဝဏ္ဏ-ဟူသည် အခြားမဟုတ်၊ အက္ခရာစာကြောင်းစာတန်းကို ဆိုခြင်းဖြစ်ကြောင်း ပြဆိုထား၏။ အကြောင်း အရာ အနက်အဓိပ္ပာယ်ကို ထိုအက္ခရာစာကြောင်းစာတန်းဖြင့်ပင် ဖွင့်အပ်ပြအပ်သောကြောင့် ဝဏ္ဏ-ခေါ်ခြင်းဖြစ်သည်ဟု အဘိဓာန်ဋီကာ၌ လာကြောင်းကို ဖောက်သည်ချ၍ ပြ၏။ ပါဠိ ဝဏ္ဏအက္ခရာသည် မှတ်သားထားသည့် စာတစ်စောင် ပေတစ်ဖွဲ့ စာတမ်း ပေတမ်းတော့ မဟုတ်။ ထို့ကြောင့် အသုံးမမှားရလေအောင် နားထွင်းသျှောင်ထုံးစသော စာတမ်းမှာ မ-သတ်၊ အက္ခရာ စာတန်း မှာ န-သတ်၊ သတိရှိစေ။” ဟု ကြပ်ကြပ် မှာခဲ့ခြင်းဖြစ်၏။ ထိုသည့် အထဲကပင် လွဲဖြစ်အောင်လွဲ၊ မှားဖြစ်အောင် မှားလိုက်ကြလေသေးသည်။

လှေသင်းဝန်မင်းသည် အာစရိယဝံသစာတမ်း၊ သာသနာဝံသစာတမ်း (ဝေါဟာရလီနတ္ထ ဒီပနီ၊ ဟံ၊ ခရစ်နှစ်-၁၉၆၀၊ စာ ၂၂၀) စသော မှတ်သားထားသည့် စာတမ်းပေတမ်းဆိုင်ရာ အသုံးအနှုန်းမှန်သမျှကို မိမိ၏ဒီပနီတွင် မ-သတ် ဝိသဇ္ဇနီနှင့်ပင် အသုံးပြုခဲ့၏။ ကဝိလက္ခဏ ဒီပနီတွင်လည်း သာသနာလင်္ကာရစာတမ်း (စာ-၂၆၃) ကို ဤသို့ပင် မ-သတ် ဝိသဇ္ဇနီနှင့် ရေး သားသုံးနှုန်းခဲ့၏။ အခြားစာတမ်းအသုံးအနှုန်းများလည်း မြောက်မြားစွာ ပါရှိပေသည်။

စာဆိုဝန်ကြီးပဒေသရာဇာ၏ သူဇာပျို့၊ ပုဒ်ရေ ၂၉၉ ၌လည်း စိတ်ဖြာခွဲခြမ်း၊ စာတမ်းပေတမ်း၊ ထုံးစံလမ်းကို၊ စုံစမ်းမှတ်သား၊ ဝမ်းဝယ်ထား၍” ဟု မ-သတ် ဝိသဇ္ဇနီကာရန် ဖြင့် စပ်ဆိုခဲ့၏။ သို့ဖြစ်ရကား စာတစ်စောင် ပေတစ်ဖွဲ့ မှတ်သားထားသည့်စာကို စာတမ်းဟု လည်းကောင်း၊ တန်းနေသည့် အက္ခရာစာကြောင်းကိုမူ စာတန်းဟုလည်းကောင်း အမှန် အတိုင်း ကွဲကွဲပြားပြား ခွဲခြားသုံးကြရန် ဖြစ်ပေသည်။

မြန်စာဂုဏ်ကျော်မြင့်


ဆရာကြီး မြန်စာဂုဏ်ကျော်မြင့် ရေးသားသည့်

၁၉၆၃ ခုနှစ်၊ အနုပညာစာပေ၊ စာပဒေသာဆုရ စာပေရိပ်မွန် စာအုပ်၊

စိတ်ကူးချိုချိုစာအုပ်တိုက်က ၂၀၁၇ ဩဂုတ်လ၌ ဒုတိယအကြိမ် နှစ်တွဲပေါင်း ထုတ်ဝေသည့်

စာပေရိပ်မွန်၊ စာပေတာဝန်။  စာမျက်နှာ ၅၂-၅၅။ တွင် လာရှိသည့်

စာတမ်းနှင့် စာတန်း ဆောင်းပါးကို ကူးယူစာစီထားခြင်း ဖြစ်ပါသည်။


စာအုပ်ရယူရန် ဤနေရာကို နှိပ်ပါ။



စာတမ်းနှင့် စာတန်း

စာတမ်းနှင့် စာတန်း တစ်ကြိမ်က ကျွန်တော်၏ မိတ်ဆွေတစ်ဦးသည် စာအုပ်စာရင်း   တစ်ခုပြုလုပ်ရာ ‘ သာသနာ လင်္ကာရစာတမ်း ’ ကို မ-သတ် ဝိသဇ္ဇနီနှင့်ပင် ...